Sunday, May 23, 2010

စိတ်ချမ်းသာချင်ရင်

ငယ်တုန်းက နာခဲ့ဖူးတဲ့တရားတစ်ပုဒ်ကို သတိရပါတယ် ....
စိတ်ချမ်းသာချင်ရင် စိတ်ဆင်းရဲတာတွေမလုပ်နဲ့ တဲ့ ....။ တော်တော်လေးကို ရိုးတဲ့တရားပါ။ ငယ်တုန်းက အဲဒီလို ရိုးတာတွေကို မကြိုက်ပါဘူး။ လူတိုင်းသိတာပဲလို့တောင်ထင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ... ရိုးတဲ့ ရှင်းတဲ့ သဘာဝကျပြီးမျှတတဲ့ အဆုံးအမတွေကို ပိုပိုပြီးကြိုက်လာပါတယ်။ ...

အသက်ကြီးလာတဲ့အခါ မလိုချင်ပဲရလာတာ နှစ်ခုရှိပါတယ်။
ပိုပြီးကျယ်ပြန့်လာတဲ့ အသိုင်းအ၀ိုင်းနဲ့ လူတကာရဲ့ သောကတွေ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အတွက် ကိုယ့်ဘာသာကိုယ်ဖြေရှင်းဖို့ ပိုပြီးလိုအပ်လာပါတယ်။

တစ်နေရာမှာ ခိုင်ခိုင်မြဲမြဲရပ်နေတဲ့သူက သူ့ရဲ့ရပ်တည်မှုကို စိတ်ချပါတယ်။ ဘယ်မှာရပ်နေမှန်းမသိတဲ့သူကတော့ ကိုယ့်ကိုယ်ကို စိတ်ချလို့မရပါဘူး။ ဆိုလိုတာက ဘ၀မှာဘယ်လိုနေသွားမယ်ဆိုတဲ့ philosophy of life ပါ။ ဒီအကြောင်းကို အခုတလောပိုပြီးစဉ်းစားပါတယ်။ လူတစ်ယောက်ဟာ သူဘယ်လို ရပ်တည်မယ်ဆိုတဲ့ ကိုယ်ပိုင် philosophy of life ရှိရင် တွေးရတာနည်းသွားပြီး ဆုံးဖြတ်ရတာပိုလွယ်လာပါတယ်။ ကိုယ်က ဘယ်အရာကို တန်ဖိုးထားတာလည်း .. ဘာကို တကယ်လိုချင်တာလည်းဆိုတာ သိရင် ကိုယ့်အတွက် တကယ်အရေးမကြီးတာတွေကို အသာလေးဖယ်ထုတ်နိုင်ပါတယ်။

အလွယ်ဆုံးလေးတွေကိုပဲပြောချင်ပါတယ်။ တကယ်လို့ ကိုယ့်ဘ၀မှာ တစ်သက်လုံး နေသွားမယ့်လမ်းတစ်ခုကို ရွေးချယ်မထားဘူးဆိုရင် ကိုယ်ဘယ်ကို သွားနေလဲဆိုတာ မေ့သွားဖို့ သိပ်လွယ်ပါတယ်။ အခုလုပ်နေတာ ဘာအတွက်လဲ။ အခု စိတ်ဆင်းရဲနေတာ ဘာအတွက်လဲ။ နောက်နှစ်မှာ စိတ်ဆင်းရဲကြမှာက ဘာအတွက်လဲ။ နောက်ပြီး အနစ်နာခံရတာ ဘာအတွက်လဲ။ မလိုအပ်တဲ့ စွန့်စားမှုတွေလုပ်နေတာဘာအတွက်လဲ။ ကြွားဝါနေတာ ဘာအတွက်လဲ။ ... မေးခွန်းတွေအများကြီးမေးကြည့်ပါ။ ကိုယ့်စိတ်ထဲမှာ အဖြေရတဲ့အထိ မေးပါ။ ငါ ဘယ်လိုလူဖြစ်ချင်တာလဲ ဆိုတဲ့ အဖြေကို ဦးတည်ပြီး စဉ်းစားပါ။ ဘယ်မေးခွန်းလာလာ ငါဘယ်လိုလူဖြစ်ချင်တာလဲ ဆိုတာလေးကို မပျောက်အောင် စဉ်းစားပါ။ တကယ်လို့ ကိုယ်ချင်းစာတရားတစ်ခုကို တစ်သက်လုံးကျင့်သုံးတော့မယ်ဆိုရင်လည်း ဒါကို အမြဲလက်ကိုင်ထားပါ။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်ချင်းစာလိုက်ပါ။ ကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကိုယ်ချင်းစာလိုက်ပါ။ ကိုယ်ချင်းစာရမှာကိုက ကိုယ့်အလုပ်လို့သတ်မှတ်လိုက်ပါ။ တဖြည်းဖြည်း ကျင့်သားရလာတဲ့အခါကြရင် ဒါဟာ သိပ်ကို လွယ်ကူတဲ့ အလေ့အထ တစ်ခုဖြစ်လာပါလိမ့်မယ်။ တွေးသမျှအတွေးတိုင်းဟာလည်း ကိုယ်ချင်းစာတဲ့အတွေးတွေဖြစ်လာပါလိမ့်မယ်။

နောက်တစ်ခုက ကိုယ့်ကိုယ်ကို နားလည်ဖို့ပါ။
တစ်ချို့လူတွေက ကိုယ့်ရဲ့ limit ကို ကိုယ်မသိဘူး။ မသိတဲ့အခါ ကိုယ်ဘယ်လောက်ကောင်းပြီး ကိုယ်ဘယ်လောက်ဆိုးတယ်ဆိုတာကို မေ့နေကြတယ်။ ... တစ်ချိန်မှာ ကိုယ့်ရဲ့ limit ကျော်ပြီးကောင်းရ၊ ဆိုးရတဲ့အခါကြတော့ ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် မလေးစားနိုင်တော့ဘူး။ ငါဟာ တုံးလွန်းလို့ ဒီလိုဖြစ်တာ။ ငါက ဒီလောက်လေးတောင် သည်းမခံနိုင်တဲ့သူလား။ စသဖြင့် ကိုယ့်ကိုယ်ကို အထင်သေးသွားတတ်ပါတယ်။ တကယ်တော့ ကိုယ့်အတိုင်းအထွာနဲ့ကိုယ့်စိတ်အကြောင်း ကိုယ်သိနေရင် ချင့်ချိန်လို့ရပါတယ်။ အားလုံးအဆင်ပြေအောင် လုပ်တဲ့အခါတောင် ကိုယ်က အနစ်နာခံလိုက်ပြီးမှ အဆင်ပြေတယ်ဆိုရင် ဒါဟာ အမြဲ သုံးရမယ့်နည်းမဟုတ်ပါဘူး။ အားလုံးအတွက်ကြည့်သလို ကိုယ့်အတွက်ကိုလည်း ကိုယ်ကြည့်ရပါမယ်။ မျှတတယ်ဆိုတာ အနစ်နာခံနေတာကိုပြောတာမဟုတ်ပါဘူး။ အမြဲအနစ်နာခံနေရရင်လည်း ဒါဟာ ကိုယ့်စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သတိထားပါ။

အမြဲအကူအညီပေးနေဖို့လိုအပ်တယ်ဆိုတဲ့စိတ်ကူးမျိုးသင့်မှာရှိနေရင် သတိထားပါ။
ကရုဏာတရားနဲ့ ကူညီချင်စိတ်ရှိတာကောင်းပါတယ်။ ဒါပေမယ့် လောကမှာ လူတစ်ယောက်က လူတစ်ယောက်ကို အမြဲကူညီပေးနိုင်ဖို့မလွယ်ပါဘူး။ ကူညီချင်စိတ်ရှိပေမယ့် မကူညီနိုင်တဲ့ အခြေအနေတွေလည်းရှိပါတယ်။ အတတ်နိုင်ဆုံး ကူညီပါ။ ကူညီလိုက်တာဟာ အချောင်ခိုချင်တဲ့လူတစ်ယောက်ကို အချောင်ခိုတဲ့ အကျင့်ပါအောင် လုပ်သလိုမျိုးမဖြစ်ဖို့လည်းသတိထားပါ။ မြင်းတွေကို ရေဆိပ်ခေါ်သွားပြီးရင် တော်ပါတော့ ... ရေသောက်ဖို့လောက်တော့ သူတို့ဘာသာသောက်ပါစေ။ ... မြင်းတွေကို ရေတိုက်ဖို့ပါ ကိုယ့်တာဝန်ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ။ ဒုက္ခကတော့ တကယ်မျှတတဲ့ တရားသဘောရှိပါတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့သူတိုင်းဟာ ကိုယ်ရှာတဲ့ဒုက္ခကိုယ်ရတာပါပဲ။

... One down စိတ်အခြေခံ။ လူတစ်ချို့ဟာ တစ်ယောက်ယောက်အတွက် ကိုယ့်မှာတာဝန်ရှိတယ် ... လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့စိတ်မျိုးနဲ့ အဲဒီလူအတွက် one down ..တစ်ဆင့်နှိမ့်ထားတဲ့ စိတ်နဲ့ ဆက်ဆံပြုမူကြတယ်။ အမှန်တော့ ဒါဟာ မေတ္တာကရုဏာနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံတာလည်းဖြစ်မယ်။
ဒါမှမဟုတ် ... အလိုလိုက်တာမျိုးလည်းဖြစ်မယ်။ ဒါပေမယ့် အဲဒီလူက ဒါကို နားမလည်တဲ့အခါ ... ပိုပြီး အနိုင်ကျင့်လာလိမ့်မယ်။ ဒါဟာ သူ့ရဲ့ ရပိုင်ခွင့်လို့ထင်လာလိမ့်မယ်။ အဲဒီအချိန်ကြမှ စည်းကမ်းကို ပြင်ရင် မရတော့ဘူး။ နောက်ကျသွားပြီ။ တစ်ချို့ကိစ္စတွေက ကိုယ်ဘာကြောင့်ဒီလိုလုပ်ပေးရတယ်ဆိုတာကို နားလည်အောင်ပြောပြဖို့လိုတယ်။ ကိုယ်မလုပ်ပေးနိုင်တာကို ဘာအကြောင်းနဲ့မှ မရမက လုပ်ပေးပါမယ်လို့ ကတိပေးစရာမလိုဘူး။ အဲဒီလို ကတိပေးရင်လည်း ကိုယ့်ကိုယ်ကို ရက်စက်တဲ့သူမျိုးပဲဖြစ်လာလိမ့်မယ်။ အဲဒီလိုလူဟာ စိတ်ရော၊ လူပါ မကျန်းမာဘူး။

လူတွေဟာ စိတ်ညစ်တဲ့အခါကြရင် စိတ်ညစ်တာကို သတိထားမိတယ်။ ဒါပေမယ့် စိတ်မညစ်ခင်က စိတ်ညစ်ရင် ဘာလုပ်မယ်ဆိုတာမျိုးမစဉ်းစားထားကြဘူး။ ဘ၀ဆိုတာ ကိုယ်နေဖို့သီးသန့်ဆောက်ထားတဲ့နေရာမဟုတ်ဘူး။ အဆင်မပြေတာတွေက တစ်နေ့မကြုံ၊ တစ်နေ့ကြုံမှာပဲ ....။ အားလုံးအဆင်ပြေမှ စိတ်ချမ်းသာတော့မယ်ဆိုရင်တော့ စိတ်ချမ်းသာဖို့လည်းမရှိတော့ဘူး။ ကိုယ်က စိတ်ချမ်းသာချင်တယ်ဆိုရင် ... စိတ်ချမ်းသာမယ့်အလုပ်တွေပဲရွှေးလုပ်ပါ။ စိတ်ကြည်လင်စေမယ့် ...သောကငြိမ်းစေမယ့်အလုပ်တွေပဲရွေး လုပ်ပါ။ မလုပ်မဖြစ်လုပ်ရတာတွေကိုလည်း ကုသိုလ်ဖြစ်အောင်လုပ်ပါ။ ကုသိုလ်ရဲ့သဘောက စိတ်ကိုကြည်လင်စေတယ်။ ပြန်တွေးမိတဲ့အခါလည်း ကြည်နူးတယ်။ နောင်တမရဘူး ...။စိတ်ချမ်းသာတယ်။ အပေါ်ယံဟန်ဆောင်ရတာတွေ သိပ်မလုပ်နဲ့ ...။ တကယ်လို့လုပ်ရတယ်ဆိုရင်လည်း အဲဒါက စိတ်ကျန်းမာရေးကို ထိခိုက်တယ်။ မတတ်သာလို့ပြုံးပြရမယ်ဆိုရင်လည်း ဒီလူကောင်းတာကိုတွေးလိုက်ပါ ...တတ်နိုင်သမျှရှာတွေးပါ ...။ နောက်ဆုံးတွေးလို့မရရင်တောင် သံသရာမှာတော်ခဲ့တဲ့ဆွေမျိုးတွေလို့ နှလုံးသွင်းပြီးပြုံးပြပါ။ ဟန်ဆောင်ပြုံးထက်တော့ စိတ်သက်သာပါလိမ့်မယ်။ စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲပြုံးဖို့ ကြိုးစားလိုက်တိုင်း အရင်ဆုံးပျော်ရတာ ကိုယ့်စိတ်ပါပဲ။ တစ်ချို့ကလေးတွေ အမြဲတမ်းပြုံးချိုပြီး အလုပ်လုပ်နေတာတွေ့ပါတယ်။ ကိုယ့်ထက် အသက်အတော်လေးငယ်ပါတယ်။ ဒါပေမယ့် သူတို့ အလုပ်ကို သူတို့ပြုံးပြုံးရွှင်ရွှင် လုပ်နိုင်နေပြီ။ သူတို့ကိုလည်းလေးစားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်တာဝန်ကိုယ်ယူနေတာဟာ နည်းတဲ့အရည်အချင်းမဟုတ်ဘူး။ သူတို့တွေဟာစိတ်အခြေခံကောင်းကြလို့ ကြီးလာလေ ပိုပြီးရင့်ကျင့်ပြည့်ဝလေဖြစ်လာကြမယ်။

အတွေးတွေကို သိပ်ခွင့်မပြုနဲ့။
လူတွေဟာ အားနေရင် တစ်ခုခုတွေးနေတော့တာပါပဲ။
မတွေးရရင်မနေနိုင်ပါဘူး။ မနေနိုင်လို့တွေးတဲ့အခါလည်း ကောင်းတာလေးတွေရွေးတွေးဖို့စိတ်ကူးမရှိပါဘူး။ ဘယ် ကံမဆို အကျိုးပေးပါတယ်။ မကောင်းတာတွေကို များများတွေးနေတဲ့သူဟာ မကောင်းတာတွေ များများကြုံပါမယ်။ ဒါက ကိုယ်တွေးသလောက် အကျိုးပေးနေတာပါပဲ။ ကောင်းတာတွေအများကြီးလုပ်သွားတဲ့လူတွေကလည်း သူတို့တကယ်မလုပ်ခင်မှာကတည်းက အဲဒီလို လုပ်ဖို့မကြာမကြားတွေးထားပြီးသားဖြစ်နေတတ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ အကောင်အထည်ဖော်ပြီးသားတွေကို အပြင်မှာပြန်တွေ့ရသလိုဖြစ်နေတတ်ပါတယ်။ အတွေးတွေကလည်း တစ်နေ့တစ်နေ့ကြုံသမျှ အာရုံတွေကနေ ပဲ့တင်ပြန်တာမျိုးပါပဲ။ တစ်နေကုန် အာရုံတွေကို သတိမထားဘဲ ညကြမှ အာရုံတွေက ဟိုက ပြန်ပေါ်လာ ဒီကပြန်ပေါ်လာဖြစ်တဲ့အခါ အိပ်မပျော်တော့ပါဘူး။ အရှုပ်တွေကို မရှင်းတဲ့သူဟာ အိပ်ဖို့ခက်ပါတယ်။ အိပ်ဖို့ခက်တာကိုလည်း အကျိုးရှိရှိအသုံးချရင် အကျိုးရှိနိုင်ပါသေးတယ်။ အတွေးတွေဟာ စိတ်ကိုပင်ပန်းစေတယ်ဆိုတာကို သိရင် အားနေရင် အတွေးနည်းဖို့ ကုသိုလ်အာရုံတွေနဲ့များများနေဖို့ စိတ်ကို လေ့ကျင့်ပေးဖို့ အလိုလို သတိထားလာမိမှာပါ။ ကောင်းတာတွေများများကြုံချင်ရင် အမြဲတမ်းကောင်းတာတွေမကြာမကြာတွေးပါ။ ကောင်းတာတွေမကြာမကြာပြောပါ။ ကောင်းတာတွေ မကြာမကြာလုပ်ပါ။ အဆိုးမြင်တဲ့သူတွေနဲ့ဝေးဝေးနေပါ။

နောက်ဆုံးတော့ တစ်ယောက်တည်းသွားရမှာ။
ဆိုပါတော့ မိသားစုအတွက် အကုသိုလ်အလုပ်လုပ်ရတဲ့သူတွေရှိတယ်ဆိုရင် တကယ်ခံရတဲ့အခါ မိသားစုကမခံရပါဘူး။ ကိုယ်ပဲခံရတာပါ။ အကုသိုလ်ကြောင့် ငရဲရောက်တာမရောက်တာကို မပြောပါဘူး။ အကုသိုလ်ကြောင့် စိတ်မကြည်မလင်ဖြစ်တာကိုပဲပြောပါတယ်။ အကုသိုလ်ကို စိတ်ချမ်းချမ်းသာသာ လုပ်နေတဲ့သူဆိုတာ ဘယ်မှာမှမရှိပါဘူး။ စိတ်ရဲ့သဘာဝကိုက အင်မတန်ဖြူစင်ပါတယ်။ စိတ်က အကုသိုလ် ပူတာကို ပူမှန်းသိပါတယ်။ မောဟများနေလို့မသိသာတာပဲရှိပါတယ်။ ပြန်တွေးကြည့်တိုင်း အကုသိုလ်အတွက် အားရလိုက်တာဆိုတာမျိုး ဘယ်သူ့မှာမှ မဖြစ်ပါဘူး။ စိတ်ရဲ့ မျှခြေအခြေအနေမှာမဖြစ်ပါဘူး။ လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယတွေ အရိပ်မိုးထားတဲ့ စိတ်တွေမှာပဲ အကုသိုလ်ကို ပူလို့ပူမှန်းမသိဖြစ်နေတတ်ပါတယ်။ နောက်ဆုံး ကိုယ်လုပ်တဲ့မကောင်းမှုက ကိုယ့်စိတ်မှာ လှည်ဘီးက နွားနောက်ကို လိုက်နေသလို ထပ်ချပ်မကွာပါနေတာကို ဘယ်သူမှမကြိုက်ပါဘူး။ နောက်ဆုံးသွားရမယ့်ခရီးမှာ စိတ်ဖြောင့်ဖြောင့်သွားချင်ရင် နေနေတုန်းမှာလည်း စိတ်ဖြောင့်ဖြောင့်နေရမယ့်အလုပ်တွေပဲလုပ်ပါ။

ကောင်းတာမှန်သမျှတန်ဖိုးထားပါ။
တစ်ယောက်ယောက်မှာရှိတဲ့ကောင်းတဲ့အရည်းအချင်းကိုလေးစားပါ။ မလေးစားရင် အဲဒီအရည်အချင်းကိုယ့်ဆီမှာမရှိနိုင်တော့ပါဘူး။ ကောင်းတာကို မကောင်းတာနဲ့ မချေဖျက်လိုက်ပါနဲ့။ သူကောင်းတာ ကောင်းတာသက်သက်။ မကောင်းတာလည်း မကောင်းတာသက်သက်ပါပဲ။ အဲဒါကိုနားလည်ပါ။ ခြုံပြီးတော့ ကောက်ချက်မချလိုက်ပါနဲ့။ ကောင်းတာကို အသိအမှတ်ပြုပါ။

ကျေးဇူးတင်ပါ။
ကျေးဇူးတင်တဲ့စိတ်ဟာ မြင့်မြတ်တဲ့ စိတ်ပဲ။ တစ်ချို့တိုင်းရင်းသားတွေရဲ့ ဘာသာစကားမှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးမရှိဘူး။ ဒါပေမယ့်သူတို့ရဲ့စိတ်ထဲမှာတော့ ကျေးဇူးသိတတ်မှုရှိတယ်။ ဘာသာဗေဒအရ မရှိပေမယ့် စိတ်ရဲ့ ယဉ်ကျေးမှုအရ ကျေးဇူးသိတတ်မှုရှိတယ်။ လူစစ်စစ်တစ်ယောက်ဟာ ကျေးဇူးတရားကို ဘယ်တော့မှ မဖုံးကွယ်ထားဘူး။ မရိုးသားတဲ့လူတွေဟာ ကျေးဇူးတရားကို အရေးမကြီးသလိုလုပ်ပစ်ကြတယ်။ ဟန်ဆောင်ပြီးကျေးဇူးမရှိသလိုလုပ်ပစ်ကြတယ်။ ဒါတွေဟာ ကိုယ့်ရဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် အဆိပ်ပြန်ခတ်နေတာမျိုးပဲ။ ဘယ်သူမှဒုက္ခမရောက်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကျေးဇူးကန်းလို့ ဒုက္ခရောက်ကြရတယ်။

ကိုယ်သိထားတဲ့ ကောင်းတဲ့ အသိတရားတွေကို မမေ့ပျောက်အောင်သတိထားပါ။
ကောင်းတဲ့အလေ့အကျင့်တွေကို မပျက်ကွက်အောင်သတိထားပါ။
ကောင်းတာတွေကို များများလုပ်နေတဲ့သူတွေကိုလေ့လာပါ။ ကိုယ်ကောင်းချင်သလောက် ကောင်းခွင့်ရှိတဲ့လောကကြီးမှာ ဒီလောက်ကံကောင်းလို့ စိတ်ကောင်းထားခွင့်ရတာကို တွေးကြည့်ပါ။ လူတိုင်းဟာ ကောင်းတဲ့ အဆုံးအမကို မရခဲ့ပါဘူး။ ကောင်းတာတွေကို နားမလည်ခဲ့ကြတဲ့လူတွေအများကြီးရှိပါတယ်။ ကိုယ့်ကံအလျောက် သိသင့်သိထိုက်တဲ့ အဆုံးအမတွေ၊ ဓမ္မတွေကို ခံယူခွင့်ရတာကိုက ကံကောင်းတဲ့သူတွေမို့လို့ပါ။

ဘ၀ဟာ ကြာလေ အေးချမ်းလေ၊ အရှုပ်အထွေးကင်းလေ၊ ငြိမ်းချမ်းလေ ဖြစ်နေသင့်တယ်။
မဟုတ်ရင် အသက်ကြီးလာတာ ဘာအတွက်လဲ။
အသက်ကြီးလာတာနဲ့အမျှပိုပြီး ရင့်ကျက်တည်ငြိမ်လာရမယ်။
ကိုယ်တစ်သက်လုံးလက်ကိုင်ပြုမယ့် တရားဓမ္မ အဆုံးအမတစ်ခုခုကို ရွေးချယ်ရမယ်။
ဖြစ်လာသမျှ လောကဓံ၊ ကြုံရသမျှသောကတွေကို နားလည်ပြီး ဖြတ်သန်းသွားနိုင်ရမယ်။
လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ကန့်သတ်ကြတယ်။ ငါလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီး မလုပ်ကြည့်ဘဲ အနားယူလိုက်ကြတယ်။ အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံးတွေကို လုပ်ဖို့ လူဖြစ်လာတာလို့စိတ်ကူးကြည့်လိုက်ပါ။ သင့်စိတ်ဟာ သင်ထင်တာထက် ဖြူစင်မြင့်မြတ်ပါတယ်။

အမြဲတမ်းစိတ်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်အောင် .... စိတ်ဆင်းရဲနိုင်တာတွေ ဘာမှမလုပ်ပါနဲ့။
အခုစိတ်ဆင်းရဲတဲ့အတွေးတွေးနေရင် အခုရပ်လိုက်ပါ။
နေနေရတဲ့ အခိုက်အတန့်လေးဟာ နည်းလွန်းလို့ အပိုအလုပ်တွေမလုပ်နေနိုင်ဘူး။
အကောင်းဆုံးတွေ လုပ်စရာများလွန်းလို့ စိတ်ကို အချိန်ပိုမပေးပါနဲ့။ ကောင်းတာတွေပဲ ဆက်တိုက်လုပ်နေလိုက်ပါ ....။ ရေရှည်မှာ ကိုယ်ရသင့်တာပဲကိုယ်ရပါလိမ့်မယ်။ ။

ခင်မင်စွာဖြင့်
Zephyr

မူရင်း http://www.z-thegardener.com/2010_03_14_archive.html မှကူးယူဝေငှပါသည်။

Thursday, May 20, 2010

ငွေဆောင် အမှတ်တရ

 ဒီတစ်ခေါက်သွားဖြစ်တဲ့ နေရာက ငွေဆောင် ကမ်းခြေဖြစ်ပါတယ်..မနှစ်က Sunny Paradise တည်းဖူးပြီးမို့ ဒီနှစ် ..Bay of Bengal ကို ရွေးဖြစ်ပါတယ်..သူငယ်ချင်းတချို့ က သွားခါနီးမှကပ်ပြီး အလုပ်ကိစကြောင့် ကျန်ခဲ့တာမို့ လူမစုံပါဘူး..ဒါပေမယ့် ပျော်စရာအမှတ်တရ ခရီးတစ်ခုတော့ဖြစ်ခဲ့ပါတယ်..
ပြင်းပြတဲ့ အပူဒဏ်က ငွေဆောင်မှာလည်း မလွတ်ပါဘူး..
ဒါပေမယ့် ပင်လယ်ထဲဆင်းလိုက်..ရေကူးကန်ထဲဆင်းလိုက်နဲ့ လုပ်နေတာအပြင်..
အချိန်မှန် မောင်းပေးတဲ့ မီးစက်ရဲ့ကျေးဇူးကြောင့် aircon လေးဖွင့်ပြီး..စိတ်အေးချမ်းသာ..အိပ်စက်ရပါသည်ပေါ့.
အပန်းဖြေဖို့သွားတာမို့ စိတ်လွတ်လက်လွတ်နေခဲ့ရပါတယ်..
ကမ်းခြေမှာ ဆိုင်ကယ်စီးပြီး..မိုးမမြင်လေမမြင် ပျော်ခဲ့တယ်..ပြီးတော့
ဓာတ်ပုံတွေလည်းရိုက်ဖြစ်ခဲ့ပါတယ်..

မကြီးမငယ်နဲ့ ကလေးတွေနဲ့ပေါင်းပြီး..ရေကူးကန်ထဲမှာ စိမ်ပြေးတမ်းကစားလိုက်..ဘော်လုံးတစ်လုံးနဲ့ ခွေးရူးတမ်းကစားလိုက်..လုပ်ခဲ့သေးတယ်(ကျွန်မခွေးရူးဖြစ်တာအကြာဆုံး.နောက်ဆုံးတော့ ကလေးတွေက သနားပြီး..အမိခံမှဘဲ ချမ်းသာရာရတာလေ)
ဧည့်သည်နည်းချိန်မို့ privacy ရှိပြီး..လွတ်လပ်ပါတယ်..ဒါကို အခွင့်ကောင်းယူပြီး..ရှမ်းကိုးမီးလည်း တတ်အောင်သင်ခဲ့ပါရဲ့..မြန်မာငွေ ၁၆၀၀ ကြီးများတောင် နိုင်ခဲ့ပါတယ်..ဒါတောင် လောဘမကြီးဘဲ..တစ်ခါထိုးယင် ၂၀၀ ဘဲထိုးတာလေ..
ဟိုတယ်က အစားအသောက်က Sunny Paradise လောက် စားမကောင်းပါဘူး..ပြီးတော့ သစ်များများ သုံးထားပြီး ကြမ်းတွေကို တိုက်ထားတာ..ဒေါက်ဖိနပ်နဲ့ ကံကောင်းလို့ ခေါင်းမကွဲတာ ..

ရောက်တုံးစားမယ်ဆိုပြီး..ပင်လယ်စာတွေစုံအောင်စားခဲ့ပါတယ်..
ဟိုတယ်က Fishermen’s Bar, ရွာထဲက သီတာစမ်း နဲ့ West Point..ပုသိမ်မှာတော့ နှင်းဝေလွင်မှာ စားခဲ့တယ်.
အိမ်ပြန်လက်ဆောင် ငါးခြောက်ဝယ်မယ်ဆိုတော့ အထုပ်ပေါ်မှာ ၈၀၀၀ လို့ ရေးထားတဲ့ ငါးကျိန်တလိခြောက်ကို ၅၅၀၀ နဲ့ရခဲ့ပါတယ်..(ဒီကလူတွေ ဘာအလုပ်လုပ်စားလည်းလို့ မေးတော့ဧည့်သည်လာယင် ရိုက်တဲ့အလုပ်လုပ်တယ်လို့ ဖြေတဲ့သူက ဖြေသေးတယ်)
အပြန်ခရီးကတော့ နွမ်းလျအိမ်ပြန်ပေါ့နော်.၁၁နာရီခွဲလောက် ငွေဆောင်က ထွက် ပုသိမ်မှာ ထမင်းစား..ရွှေမြင်းပျံမှာ လက်ဆောင်ပေးဖို့..ဟာလ၀ါနဲ့ ငှက်ပျောခြောက်ကြော်တွေဝယ်..ညောင်တုန်းမှာ ခဏနားပြီး ခရီးပြင်းနှင်လိုက်တာ အိမ်ရောက်တော့ ညနေ ၅နာရီထိုးနေပြီ..ရေချိုး..ထမင်းစားပြီး..အိပ်လိုက်တော့တာပါဘဲ..။