Sunday, February 26, 2012

ပြန်လာခဲ့သူ


 
စိတ်ရောလူရော မအားတာနဲ့..ဘာမှမရေးနိုင်တာတော်တော်လေးကြာခဲ့ပါပြီ..

ကိုယ်အလုပ်လုပ်နေတဲ့ unit မှာ လူသစ်တစ်ယောက်ရောက်လာတာနဲ့ သူ့ကို ကူညီပေးရင်း..

နှစ်ကုန်ခါနီးတော့လည်း သူများတွေ annual leave ယူတာတောင် အားမကျနိုင်ဘဲ.. လုပ်လိုက်ရတဲ့ အလုပ်တွေ..

ရပ်ဝေးကို အကြာကြီးသွားလိုက်ပြီး ခဏပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ 
ကော်ဖီဆိုင်ထိုင်နေတုန်း..နောက်ထပ်တစ်ယောက်က ပြန်လာမယ်လို့ ဖုန်းဆက်..

အဲဒီတစ်ယောက်မရောက်ခင်ဘဲ  ပြည်တွင်းမှာ ဝေးနေတဲ့သူငယ်ချင်းက ပြန်ရောက်နဲ့..အလုပ်တွေရူပ်နေပေမယ့်..ပျော်ရွှင်နေခဲ့ပါတယ်…



နောက်ဆုံးတော့..သူငယ်ချင်းတွေသာမက အားလုံး ပျော်ကြရတဲ့နေ့ရက်လေးကို ရောက်လာပါတယ်..

ဒီတစ်ခါပြန်လာသူကတော့ နိုင်ငံတွင်းမှာတင်မက တမ္ဘာလုံး က သိတဲ့သူပါ.. နှစ်ပေါင်းများစွာ..ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီး….   အင်းစိန်မှသည် ဟိုဒီရွေ့ယင်း…  နောက်ဆုံး..မိုင်းဆတ်ထောင်ကနေပြန်ထွက်လာတဲ့သူပါ..         
သူက အတန်းဖော်ဆိုပေမယ့် ကိုယ်တွေထက် အသက်ကြီးတာမို့ 
အစ်ကိုလိုလေးစားခဲ့ရသူပါ..သူပြန်လာမယ့်သတင်းကို စိတ်လူပ်ရှားရင်ခုန်စွာ စောင့်ခဲ့ရတာပါ.
ဒီတစ်ခါ သူပါပြီလား..သူတကယ်ပြန်လွတ်မှာလား..
စောင့်ယင်း..ရင်မောယင်း..ဒေါသထွက်ယင်း..ကျိန်ဆဲယင်း နဲ့ 
ခုတော့ သူတကယ်ပြန်လာပါပြီ..

အရင်တစ်ခေါက်သူပြန်ထွက်လာတုန်းကသွားတွေ့ပေမယ့် မတွေ့ခဲ့ရပါဘူး…
သူက တောင်ဥက္ကလာရဲစခန်းကို ကျောပေးပြီးဆောက်ထားတဲ့ ဆိုင်ခန်းမှာနေတာပါ…အထိန်းသိမ်းခံရတော့လည်း အဲဒီမှာဘဲ..ဘယ်မှထွက်မသွားဘူး
အထုပ်အပိုးလေး အဆင်သင့်ပြင်ပြီး အချိန်မရွေးလာခေါ်လှည့်လို့ပြောပြီး 
လာခေါ်တဲ့သူတွေနောက်ကို လိုက်သွားခဲ့သူပါ
ရုတ်တရက်တက်လိုက်တဲ့ ဓာတ်ဆီဈေးတွေကြောင့်
ပိုမိုကျပ်တည်းသွားတဲ့ ပြည်သူတွေရဲ့စားဝတ်နေရေးအတွက်  ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက်ခဲ့တဲ့ အစ်ကိုရေ..
ခုတော့ ဓာတ်ဆီဈေးတွေ ၄၀၀၀ နားနီးနေပါပေါ့လား..
ပြန်လာတဲ့နေ့က လေဆိပ်မှာကြိုတဲ့သူတွေထဲကိုယ်တွေမပါနိုင်ခဲ့ပါဘူး

ကိုယ်တွေနောက်နှစ်မှာ တက္ကသိုလ်ဝင်လာတဲ့ ညီမတွေက တက်တက်ကြွကြွ နဲ့ အရင်ဆုံးသူ့ကို 
သွားနူတ်ဆက်ကြပါတယ်..

တစ်ပါတ်နေတော့ သူ့ကို သွားခေါ်ဖို့ အခွင့်အရေးရပါတယ်.တခမ်းတနားမဟုတ်ဘဲ. 
သူငယ်ချင်းတွေဆုံနေကြအိမ်မှာဆုံဖို့ပေါ့နော်..
တိုက်တိုက်ဆိုင်ဆိုင်ဘဲ..နာမည်ကျော် သတင်းဌာနကြီးမှာ အယ်ဒီတာချုပ်လုပ်နေတဲ့ 
အတန်းဖော်လည်း အလုပ်ကိစ္စနဲ့ခဏ ပြန်ရောက်နေတဲ့အချိန်မို့ ကြုံတောင့်ကြုံခဲ တွေ့ဆုံပွဲလေးပေါ့နော်…

ကိုယ်တွေသွားကြိုတော့ အစ်ကို က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြောနေတာပါ..
စားပွဲပေါ်မှာ..သူ့အကြောင်း အင်တာဗျူးပါတဲ့ Messenger ဂျာနယ်တင်လို့

အစ်ကိုမှတ်မိလားလို့ မေးတော့လည်း..
ခဏတော့ ဝေသွားပေမယ့် ကျွန်မနာမည် မှန်အောင်သူဖြေနိုင်တယ်..
ကွန်ပျူတာကိုပိတ်လိုက်ပြီး..ကဲ လုပ်လက်စအလုပ်တွေ အကုန်ထားခဲ့ပြီဟေ့လို့ ပြောပြီး 
လိုက်လာခဲ့ပါတယ်...
အပြုံးပန်းတွေ ဝေတဲ့နေ့လေးတစ်နေ့ပါ

ဆုံရပ်ကိုရောက်တော့ ဟိုသူငယ်ချင်းလည်း ရောက်နှင့်ပြီ..အားရပါးရ စကားတွေပြောကြရယ်မောကြ..

အနားကပ်ပြီး အော်ဟစ်ငြင်းခုန်ကြ..အစစအရာရာ..ဟိုးအရင်အနှစ်အစိတ်လောက်ကအတိုင်း ..
အာဘောင်အာရင်းသန်သန်စကားပြောပုံ..ရီပုံ..ပြုံးပုံတွေ...ဘာတစ်ခုမှ မပြောင်းလဲ..
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့မကုန်နိုင်အောင်ပါ…အားလုံးက တညီတညွတ်ထဲ 
K3 ဗိုလ်ချုပ်အထုပ္ပတိရုပ်ရှင်မှာဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်ပါလား.. အစ်ကိုနဲ့ရုပ်ချင်းအရမ်းတူတယ်လို့ ပြောတော့ သူဘာပြန်ပြောလည်းသိလား..

ငါ့အသက်အရွယ်က ဗိုလ်ချုပ်အသက်အရွယ်မဟုတ်တော့ဘူး..ဦးဖာအရွယ်ဖြစ်နေပြီတဲ့..

သြော်..တချိန်က အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့တကွ.တိုင်းပြည်အတွက် အသက်ပေးသွားချိန်မှာ. ဗိုလ်ချုပ်အသက်က ၃၂ နှစ်ဘဲရှိသေးခဲ့တာပါလား..

ဒီလိုပါဘဲ..ခေတ်အဆက်ဆက်..ရင်းခဲ့ကြတဲ့ ဘ၀များစွာတွေ…

မထင်မရှားနဲ့ လမ်းတွေပေါ်မှာ..တောထဲမှာ..မြစ်ကူးချောင်းဖျား တစိမ်းများလက်မှာ…ပေးဆပ်သွားသူတွေ…

လန်းဆန်းပျိုမျစ် တက်ကြွခြင်းတွေ…
ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေ ဘယ်တော့မှ ပြန်မရနိုင်တော့ပါ..
အခက်ခဲဆုံးကာလတွေမှာ ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ယင်း အားတင်းခဲ့တဲ့သူတစ်ယောက် တော့ အိမ်ပြန်လမ်းမှာ ပန်းတွေဝေနေခဲ့ပါပြီ

 
တချိန်တော့ လူရင်းအချင်းချင်းသာလက်တို့ပြီး မျှခဲ့ရတဲ့.မိုင်းဆတ်အကျဉ်းထောင်ထဲကနေ 

သူပို့လိုက်တဲ့အလွမ်းစာလေးကို အမှတ်တရ မျှဝေလိုက်ပါတယ်..


No comments:

Post a Comment